နေ့စွဲ- ၂၈၊ ၆၊ ၂၀၁၈
1။ (၂၅/၆/၂၀၁၈)ရက်နေ့မှ (၂၇/၆/၂၀၁၈) ရက်နေ့အထိ ကေအဲန်ယူ-မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးကျေးနယ်၊ တမေထာရွာတွင် ကေအဲန်ယ - ဗဟိုမြေယာကော်မတီမှ ကမကထပြုလုပ်ကျင်းပခဲ့သည့် ကရင့်ဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲမှုစနစ်ဖြစ်သည့် “ကော်” ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ ကေအဲန်ယူ - ဗဟို ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာခေါင်းဆောင်များအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ခရိုင်အသီးသီးရှိ ဌာနေလူထုကိုယ်စားလှယ်များ စုစုပေါင်း (၂၄၁) ဦး တက်ရောက်ခဲ့သည်။
2။ နှီးနှောဖလှယ်ပွဲတွင် ရှေးအစဉ်အဆက်ကျင့်သုံးလာခဲ့သည့် ကရင့်ဓလေ့ထုံးတမ်းမြေယာစီမံ ခန့်ခွဲမှု စနစ်ဖြစ်သည့် “ကော်” ၊ စနစ်ကို ပြန်လည်ဖွံ့ဖြိုးရန် ဒေသအသီးသီးမှ ကျင့်သုံးခဲ့ကြသည့် ဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲမှုစနစ်ဖြစ်သည့် “ကော်” ၊ စနစ်စီမံခန့်ခွဲမှုများ၊ သမိုင်းကြောင်းများ နှင့် ထိုသို့ ပြန်လည်ဖွံ့ဖြိုးရန် လိုအပ်သည့် ဆောင်ရွက်ချက်များ၊ စိန်ခေါ်ချက်များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။
3။ ကရင့်ဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲမှုစနစ်ဖြစ်သည့် “ကော်” ၊ စနစ်သည်ရေရှည်တည်တံ့သည့်မြေအသုံးချမှုအပါအဝင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးကို အခြေခံထားသည့် ထုံးတမ်းစဉ်လာ ကရင့်မြေယာစီမံခန့်ခွဲမှုဓလေ့ ဖြစ်သည်။ သို့သော် ယင်းကရင့်ထုံးတမ်းစဉ်လာဓလေ့သည် ယခင် ကရင်လူထုများစွာကို အဓမ္မနေရာစွန့်ခွာပြောင်းရွှေ့စေခဲ့သည့် ဗမာ့တပ်မတော်၏ ဆယ်စုနှစ်ပေါင်းများစွာကြာ လုပ်ဆာင်လာခဲ့သော စစ်ဆင်ရေးနှင့် စီးပွားရေးစီမံကိန်းများဖြစ်သည့် အကြီးစားစိုက်ပျိုးရေးစီမံကိန်းများ၊ မြေအောက်သယံဇာတတူးဖော်ရေးစီမံကိန်းများ၊ အကြီးစားရေကာတာစီမံကိန်းများ၊ လမ်းတံတားစီမံကိန်းများ၊ အထက်မှကြိုးကိုင်ညွှန်ကြားသည့် မြန်မာအစိုးရ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းများ၊ စသည်များအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မှေးမှိန်ပျောက်ကွယ်လုနီးပါးရှိသည့်အပေါ် ပြန်လည်ဖွံ့ဖြိုးရန်နှင့်ပြန်လည်ဖေါ်ထုတ်ရန် ဤနှီးနှောဖလှယ်ခြင်းမှ ဆုံးဖြတ်ခဲ့ကြသည့်အပြင် အောက်ပါအချက် (၆)ချက်ပါ ထုတ်ပြန်တောင်းဆိုလိုက်ပါသည်။
1. ဌာနေကရင်တိုင်းရင်းသားတို့၏ ဘိုးဘွားပိုင်မြေကို ယခုချက်ချင်းအသိအမှတ်ပြုပါ။
2. ကျွန်ုပ်တို့၏ဘိုးဘွားပိုင်မြေပေါ်မှ ဗမာတပ်မတော်များ ထွက်ခွာပေးပါ၊
3. ကျွန်ုပ်တို့၏ဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲမှုစနစ်တခုဖြစ်သည့် “ကော်” အပါအဝင် တိုင်းရင်းသား လူထုအားလုံး၏ ဓလေ့ထုံးတမ်းမြေယာအခွင့်အရေးများကို မြန်မာအစိုးရမှ အသိအမှတ်ပြုပေးပါ။
4. ကျွန်ုပ်တို့၏ဓလေ့ထုံးတမ်းမြေယာစီမံခန့်ခွဲမှုစနစ်တခုဖြစ်သည့် “ကော်” ကို အသိအမှတ်ပြုကာ ကရင့်ထုံးတမ်းဓလေ့မြေယာစီမံခန့်ခွဲမှု “ကော်” စနစ်ကို အလေးထားထည့်သွင်း ရေးဆွဲထားသည့် ကော်သူးလေမြေယာမူဝါဒကို မြန်မာအစိုးရနှင့် နိုင်ငံတကာအသိုင်းအဝန်းများက အသိအမှတ်ပြုရမည်။
5. ဌာနေတိုင်းရင်းသားလူထုတို့၏မြေပေါ်တွင် FPIC ခေါ် လူထုထံမှ ပွင့်လင်းမြင်သာမှု၊ ကောင်းစွာ ကြိုတင်အသိပေးထားသည့် လွတ်လပ်သော သဘောဆန္ဒရယူမှု လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ မြေသိမ်းခြင်း၊ အကြီးစားဖွံ့ဖြိုးရေးလုပ်ငန်းနှင့် စီးပွါးရေးလုပ်ငန်းများ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းများ ဆောင်ရွက်ခြင်းများကို၊ ယခုအချိန်မှစပြီး မလုပ်ဆောင်ရ။
6. ကျွန်ုပ်တို့ဌာနေကရင်တိုင်းရင်းသားလူထုတို့၏ မိမိတို့ ဓလေ့ရိုးရာနှင့် ယဉ်ကျေးမှုများ ထိန်းသိမ်းစီမံခန့်ခွဲပိုင်ခွင့်ကို မြန်မာအစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝန်းများက လေးစားရမည်။
ဌာနေကရင်တိုင်းရင်းသားများ၊
ကော်သူးလေ။
ဆက်သွယ်ရန်
(၁) ပဒိုမန်းဘထွန်း +၆၆ ၆၁၃၄၅၀၅၃၃၊ မြန်မာနှင့်ကရင်ဘာသာ
(၂) စောအဲလက်(သူးကဘီး) +၉၅၉၇၇၉၃၁၃၅၇၅၊ ကရင်၊ မြန်မာနှင့် အင်္ဂလိပ်ဘာသာ
(၃) စောကလိုထူး +၆၆ ၂၄၀၂၆၁၄၂၊ ကရင်ဘာသာ